Monday, July 21, 2014

သမိုင်းတန်းဖိုးအရ 'ပျူ' ကို ဦးညွှတ်​ခဲ့ရတဲ့ 'ပုဂံ'

လွန်ခဲ့သည့် နှစ် ၂ဝ တိတိပပဆိုရလျှင် ၁၉၉၄ ခုနှစ် ကတည်းက ကမ္ဘာ့ကုလသမဂ္ဂ၏ ယူနက်စကို အဖွဲ့ဝင် ဖြစ်ခွင့် ရခဲ့သော မြန်မာနိုင်ငံ သည် ရှေး ဟောင်းနယ်မြေ တစ် ခုကို ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်မည့် အခွင့်အလမ်းကိုရရှိလာပြီ ဖြစ်သည်။ သို့ရာတွင် အလားအလာရှိသော ယင်းရှေးဟောင်း ယဉ် ကျေးမှုနယ်မြေသည် မြန်မာသိ ကမ္ဘာသိ ပုဂံဒေသမဟုတ်ပါ။

ယခုလ ၁၅ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကာတာနိုင်ငံဒိုဟာမြို့တွင် ကျင်းပပြုလုပ်နေသော ကုလသမဂ္ဂ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးကော်မတီ၏ ၃၈ ကြိမ် မြောက်အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ရှေးဟောင်း ပျူမြို့သုံးမြို့အပါအဝင် ကမ္ဘာတစ်ဝန်းမှရှေးဟောင်းနယ်မြေ ၄ဝ ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ် မှတ်ပေးရန်အတွက် ဆုံးဖြတ်တော့မည် ဖြစ်သည်။

ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာဟူသော ရှေးဟောင်း ပျူမြို့ပြဒေသသုံးခုသည် မြန်မာနိုင်ငံ၏ အပြင်ဘက် ကမ္ဘာအတွက်သာမက ပြည်တွင်းနေတို့အတွက်ပင် အတန်ငယ် စိမ်းနေသေးသောအမည်နာမ၊ သွားရောက်လည်ပတ်ရန် နေရာတို့တွင် စာရင်းမဝင်သေးသော ဒေသအဖြစ်တွင်ပင် ရှိနေသေးသည်။ သို့ရာတွင်ကမ္ဘာ ၏ တောင်ဝင်ရိုးစွန်းမှ မြောက်ဝင်ရိုးစွန်းအထိ၊ မြန်မာတွင်ကလေးကအစ ခွေးအဆုံးလှည်းနေလှေ အောင်းမြင်းဇောင်းမကျန်သိကြသည်က၊ သွားရောက်လည် ပတ် လိုကြသည်က ပုဂံဖြစ်ပါသည်။ ပူပြင်းခြောက်သွေ့သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ စတုရန်းကီလိုမီတာ ၈ဝ ကျော်ပေါ် တွင် အေဒီ ၁၁ ရာစုမှ ၁၃ ရာစုအတွင်းက ရင် သပ်ရှုမော လောက်ဖွယ်ဗိသုကာလက်ရာများဖြင့်တန်ဆာဆင်ထားသော ဘုရားပုထိုးပေါင်း ၃ဝဝဝ ထက်မနည်းတို့က ကမ္ဘာလှည့်ခရီး သည်တို့အတွက် တကူးတက လာရောက်လေ့လာ စူးစမ်းလိုသော စိတ်ကိုနှိုးဆွပေးနေပါသည်။

နိုင်ငံ၏ ထိပ်တန်းကမ္ဘာလှည့်ခရီးသွားဒေသဖြစ်သည်နှင့်အညီ အစိုးရသာမက နိုင်ငံသားတစ်ရပ်လုံးက ပုဂံကို အလေးထားကြသည်။ ထို့အတူ နိုင်ငံ၏ ရှေးဟောင်း အမွေအနှစ် ဒေသအဖြစ် အားလုံးကပထမဦးစားပေးအဖြစ်လက်ခံထားကြသည်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ရေးအတွက် လည်း မြန်မာက ပထမဆုံးအ ဆိုပြု ခဲ့ရာဒေသလည်း ဖြစ်သည်။ ပုဂံကို ရှေးဟောင်းယဉ်ကျေးမှု ဒေသအဖြစ် စာရင်းသွင်းနိုင်ရေးအတွက် မြန်မာက ၁၉၉၆ ခုနှစ်တွင် စတင်ကြိုးပမ်းခဲ့သည်။ ပုံမှန်အားဖြင့် အမည်စာရင်းတင်သွင်းရေးလုပ်ငန်းစဉ်မှာ ရှုပ်ထွေးခက်ခဲပြီး နှစ်ချီကာကြာမြင့်သည့်အထဲ အဓိကပြဿနာမှာ ထိုစဉ်က တိုင်းပြည်ကိုအုပ်ချုပ်နေသော အစိုးရ၏ စီမံခန့်ခွဲမှု လိုအပ်မှုများကြောင့်လည်း ဖြစ်ပါသည်။

”ပုဂံရဲ့ ရှေးဟောင်းတန်ဖိုးကို ကော်မတီက အပြည့်အဝလက်ခံ အသိအမှတ်ပြုတယ်။ ဒါပေမဲ့ကော်မတီက မြန်မာအာဏာပိုင်တွေကို ပြောတာက ရှေးဟောင်းဇုန် စီမံခန့် ခွဲမှု အစီအစဉ်ကို ပိုပြီးအသေး စိတ်သိချင်တယ်။ ပြီးတော့ အဲ့ဒီမှာ ဂေါက်ကွင်းဆောက် နေတဲ့အပေါ် စိုးရိမ်တယ်ဆိုတာပဲ”ဟု ယူနက်စကို၏ ဒေ သတွင်း (အာရှနှင့်ပစိဖိတ်) ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်တင်မ်ကာတစ်က ထိုစဉ်ကအခြေအနေကို ပြန်ပြောသည်။

”အဲ့ဒီနောက်တော့ အစိုးရကပဲ အဲ့ဒီပုဂံဒေသကို သူတို့ စိတ်ကြိုက် စီမံခန့်ခွဲမှုလုပ်တယ်။ ပြီးတော့ အမည်စာရင်းတင်သွင်းရေးလုပ်ငန်းစဉ်ကို ရပ်ဆိုင်းလိုက်ကြတယ်”ဟု ကာတစ်က ပြောပြီး ထိုစဉ်က အစိုးရသည်ကော်မတီ၏ ငြင်းဆိုမှုကို လက်ခံကြဟန်တူသော်လည်း တကယ်တမ်းတော့ လုံးဝလက်မခံခဲ့ကြောင်းကို မှားယွင်းသော စီမံခန့်ခွဲ မှု များ လုပ်ဆောင်ခြင်းက သက်သေပြခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက်တွင်တော့ မြန်မာအစိုးရက ၁၉၉၈ မှ ၂ဝဝ၂ ခုနှစ်အတွင်း ပုဂံတွင် ပြုပြင်ထိမ်းသိမ်းခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်းတို့ကို ကိုယ်ပိုင်နည်း၊ ကိုယ်ပိုင်ဟန် တို့ဖြင့် အကြီးအကျယ် လုပ်ဆောင်ခဲ့သည်။ ရှေးဟောင်းစေတီပုထိုး၊ ဂူဘုရားကျောင်းကန် ၃၁၂၂ ခုအနက်မှ ၈၉ဝ ကို ယူနက်စကို၏ ရှေးဟောင်းအမွေအနှစ် ထိမ်း သိမ်းပြုပြင်ေ ရး စံနှုန်းများနှင့် လုံးဝကိုက်ညီမှုမရှိသော လက်ရှိခေတ်သုံး အုတ်ချပ်များ၊ ဘိလပ်မြေများအသုံးပြုကာ မွမ်းမံပြင်ဆင်ခဲ့သည်။ ပိုဆိုးသည်က ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသတ်မှတ်ချက်စံနှုန်းများကို ချိုးဖောက်မှုပင် ဖြစ်သည်။

မြန်မာ့ထိပ်တန်းစီးပွားရေးသမားတစ်ဦးသည် ရှေးဟောင်း သုတေသနဦးစီးဌာနမှ စနစ်တကျ ပုံစံထုတ်မှတ်တမ်းတင်ထားသော ပုဂံရှေးဟောင်းနယ်မြေပေါ်တွင် သစ်လွင် လှပ၍ အထပ် ၁၃ ထပ်မြင့်သော နန်းမြင့်မျှော်စင်နှင့် ဟိုတယ်ကို တည်ဆောက်ခွင့်ရခဲ့သည်။ ”ကျွန်တော်တို့ဌာနက အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်” ဟု ယင်းဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဦးစံဝင်းက ပြောသည်။ ”ဒါပေမဲ့ ဥပဒေရဲ့အထက်မှာ လူအချို့ရှိနေတဲ့အချိန်ဆိုတော့ ကျွန်တော်တို့ကန့်ကွက်မှု မအောင်မြင်ခဲ့ပါဘူး”ဟု ဦးစံဝင်းက ဆက်ပြောသည်။

လက်ရှိ အစိုးရလက်ထက်တွင် ပုဂံကို ရှေးဟောင်းအမွေအနှစ်အဖြစ် အမည်စာရင်းတင်သွင်းရေး လုပ်ငန်းစဉ်ကို ပြန်လည်လုပ် ဆောင်လာပြီး ယူနက်စကိုကလည်း နည်း စနစ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုပြုလုပ်ပေးနေပြီ။ ထိုအထဲတွင် ပျူမြို့ဟောင်းနေရာများအား ရှေးဟောင်းအမွေအနှစ်အဖြစ် အမည်စာရင်းတင်သွင်းရေးလည်း ပါရှိ သည်။ ပျူမြို့ဟောင်းများအား အမည်စာရင်းတင်သွင်းပြီးနောက် မကြာမီနှစ်များအတွင်း ပုဂံကိုလည်းအမည်စာရင်းတင်သွင်းလိမ့်မည်ဟု ယူဆရသည်။

”ပုဂံကို သူတို့က ပိုပြီးစိတ်ဝင်စားတယ်။ ဒါပေမဲ့ မြန်မာအနေနဲ့ ပျူမြို့ဟောင်းသုံးခုကို အမည်စာရင်းတင်သွင်းရေးကို အရင်ဆုံးအပြီးသတ်ဖို့လိုတယ်”ဟု တင်မ်ကာတစ်က ဆိုသည်။ ယခုကျင်းပနေသော ဒိုဟာအစည်းအဝေးတွင် (သို့မ ဟုတ်) နောက်အကျဆုံးလာမည့်နှစ်အစည်းအဝေးတွင် ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်ဒေသအဖြစ် အတည်ပြုနိုင်ဖွယ်ရှိသည့် ပျူမြို့ဟောင်းသုံးခုအတွက် အီတလီအစိုးရက အမေရိကန် ဒေါ်လာငါးသိန်းထောက်ပံ့ပေးထားသည်။ ထိုကဲ့သို့ အလားအလာကောင်းနေ သည့် တိုင် ပျူမြို့ပြနိုင်ငံများအကြောင်း မြန်မာနိုင်ငံအတွင်း၌ပင် လူသိနည်းနေသေးသည်။

ပျူခေတ်သည် ဘီစီ ၂ ရာစုမှ အေဒီ ၈ ရာစုအတွင်း ထွန်းကားခဲ့သည်ဟု ကျောက်စာများက ညွှန်းဆိုနေကြကြောင်း ဦးစံဝင်းက ပြောသည်။ပျူခေတ်ရှေးဟောင်းအိုးများ၊ လက်ဝတ်ရတနာများ၊ ကျောက်စာများ၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ အထိမ်း အမှတ်များ၊ ရှေးဟောင်းမြို့ရိုးများကို တူးဖော်တွေ့ရှိနေ ရသည့်တိုင် ပျူခေတ်အကြောင်းကို အနည်းငယ်ကသာ သိရှိနားလည်ကြသည်။

”မြန်မာ့မြေပေါ်က ပထမထောင်စုနှစ်မှာ ဖြစ်ပွားခဲ့တဲ့အကြောင်းအရာတွေဟာ အရှေ့တောင်အာရှမှာ လေ့လာခံရမှု အနည်းဆုံးကိစ္စတစ်ခုပါ”ဟု သမိုင်းပညာရှင် တစ်ဦး ဖြစ်သော ဒေါက်တာသန့်မြင့်ဦးက ပြောသည်။ ”ပျူခေတ်နဲ့ ပတ်သက်ပြီးတော့ ပထမဆုံးပြောရမယ့်စကားကတော့ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိပ်မသိ ဘူး ဆိုတာပဲ”ဟု ၎င်းက ဆိုသည်။

ပျူခေတ်နဲ့ပတ်သက်၍ လူအများသိရှိထားသော အကြောင်းအရာတစ်ခုမှာ အေဒီ ၄ဝဝ နှင့် ၅ဝဝ ကြားတွင် အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် ကုန်သွယ်မှုယဉ်ကျေးမှု ဖလှယ် ခြင်း များ ရှိခဲ့ပြီး မြန်မာနှင့် အရှေ့တောင်အာရှ ကုန်းမြင့်ဒေသများသို့ ဗုဒ္ဓဘာသာ ဖြန့်ဝေရာတွင် ဦးဆောင်ခဲ့ခြင်းတို့ ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပျိုမြို့ဟောင်းေ နရာများအား ၁၉ဝ၂ ခုနှစ်တွင် နိုင်ငံခြားသား ရှေးဟောင်းပညာရှင်များက စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ်အမည်စာရင်း တင်သွင်းခံရ မည့် ဗိဿနိုး၊ ဟန်လင်းသရေခေတ္တရာဟူသော ပျူမြို့ဟောင်း သုံးခုသည်ဒေသတွင်းသို့ ပျူယဉ်ကျေးမှုများ ဖြန့်ဝေခဲ့ရာ အဓိကမြို့ကြီးများဖြစ်သည်ဟု တူးဖော်တွေ့ ရှိ ရ သော အထောက်အထားများက ညွှန်းဆိုနေကြသည်။

”ဒီမြို့သုံးခုဟာအရှေ့တောင် အာရှဒေသမှာ ဗုဒ္ဓဘာသာပြန့်ပွားဖို့ အဓိကလုပ်ဆောင်ခဲ့တဲ့ ပထမဆုံး ဗုဒ္ဓဘာသာဝင်တွေ နေထိုင်တဲ့မြို့တွေ ဖြစ်ပါတယ်”ဟု ကာတစ်က ဆိုသည်။ ယခုကဲ့သို့ ကြီးကျယ်မြင့်မြတ်သော သမိုင်းကြောင်းရှိခဲ့သော်လည်း ပျူခေတ်နဲ့ပတ်သက်၍ များများစားစား လေ့လာစရာ မကျန်တော့ ပါ။ ခေါင်းလောင်း ပုံ စေ တီ ပုထိုး အနည်းငယ်နှင့် ရှေးဟောင်းအုတ်ချပ်များနှင့် တည်ဆောက်ထားသည့် မြို့ရိုးပျက်အချို့က ဤဒေသကို ပုဂံထက်ပို၍နိုင်ငံခြား ခရီးသည်များအား ဆွဲဆောင်နိုင် လိမ့် မည်လား သံသယ ဖြစ်စရာပင်။

”ပျူရှေးဟောင်းဒေသကို သွားလေ့လာချင်တဲ့ ကျွန်တော်တို့ ဧည့်သည်တွေ အများကြီးရှိပါတယ်”ဟု အရှေ့တောင်အာရှ ၆ နိုင်ငံတွင် ရုံးခွဲများဖွင့်လှစ်ထားသော Khiri Travel မှ အထွေထွေမန်နေဂျာ Edwin Briels က ဆိုသည်။ ပျူမြို့ဟောင်း သုံးခုအနက် ဘုရားမာ၊ ဘုရားကြီးစသော ခေါင်းလောင်းပုံ ပျူခေတ်စေတီပုထိုးများနှင့် မြို့ဟောင်း တူးဖော်ရာဒေသဖြစ်သည့် ပြည်မြို့အနီးကသရေခေတ္တရာ မြို့ဟောင်းဒေသသို့ နိုင်ငံခြားသား ခရီးသည်အများစုသွားရောက်လည်ပတ်လေ့ရှိကြောင်း ၎င်းက ဆိုသည်။ သရေခေတ္တရာကို နိုင်ငံခြားသား ရှေးဟောင်းပညာရှင်တွေ အများစု သွားလေ့လာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမြို့ဟာ သူ့ခေတ်သူ့အခါက အရှေ့ေ တာင်အာရှမှာ အကြီးဆုံးမြို့ပြနိုင်ငံတစ်ခုဖြစ်ခဲ့လို့ပဲ”ဟု Edwin Briels က ဆိုသည်။

မြန်မာသမိုင်းပညာရှင်များ၏ အဆိုအရဆိုလျှင် တရုတ်နိုင်ငံတောင်ပိုင်းမှ ကျူးကျော်သူများကြောင့် ခရစ်နှစ် ၈၃၂ ခုနှစ်တွင် ပျူယဉ်ကျေးမှု ပြိုလဲခဲ့ရသည်ဟု သိရသည်။ ခရစ်နှစ် ၈၄၉ ခုနှစ်တွင်တော့ ပုဂံခေတ် စတင်အခြေပြုလာခဲ့သည်။ များစွာသော သမိုင်းပညာရှင်တို့က ပျူမြို့ပြနိုင်ငံ ၁၈ ခုနှင့် အိမ်နီးချင်းမြန်မာမြို့ပြနိုင်ငံတို့က ပုဂံကို ပူးပေါင်းတည်ထောင်မည်ဟု ယုံကြည်နေကြသည်။

ယင်းအချက်သည် ယခုအချိန်အထိ အငြင်းပွားဖွယ်ဖြစ်နေပြီး ပျူလူမျိုးများသည် မြန်မာလူမျိုးပင် ဖြစ်သလော (သို့ မဟုတ်) မြန်မာနှင့် ပျူလူမျိုးချင်း ကွဲပြားခြားနားခြင်း ဟူသော အချက်သည်လည်း ယခုအချိန်ထိမကွဲပြားသေး။ ”ဒီနေ့ခေတ် မြန်မာတိုင်းရင်းသားတွေလိုပဲ တိုင်းရင်းသားအုပ်စုတွေ အများကြီး ရောနှောနေတာ ပဲ ဖြစ်နိုင် ပါ တယ်” ဟု ဒေါက်တာ သန့်မြင့်ဦးက ဆိုသည်။

ကျော်ရဲလင်း

(ဒီပီအေသတင်းဌာနမှ ပီတာဂျန်ဆန်နှင့် ပူးပေါင်းရေးသားသည်။)
Popular Myanmar News Journal





Visit website

0 comments:

Post a Comment